KKT Repair Service

Saturday, May 2, 2015

ငါ့မြို့လေးကို ငါချစ်တယ်

ငါ့မြို့လေးကို ငါချစ်တယ်

***************************


မြေပုံခြေဖျား အစွန်းအဖျားက သိပ်လှတဲ့
ငါ့မြို့လေးကို ငါချစ်တယ်

အန်ဒမန်ပင်လယ် ရေပြာပြာနဲ့
ငါ့မြို့လေးကို ငါချစ်တယ်

ကျွန်းစုလေးတွေ ၀န်းရံထားတဲ့
ငါ့မြို့လေးကို ငါချစ်တယ်

ဘုရင့်နောင်မင်းတရား စစ်ချီရင်းနားခိုခဲ့တဲ့
ငါ့မြို့လေးကို ငါချစ်တယ်

ရာဇ၀င်တွင်လောက်တဲ့ သမိုင်းတွေမရှိပေမယ့်
ငါ့မြို့လေးကို ငါချစ်တယ်။

ပင်လယ်ဂျစ်ပစီဆလုံလူမျိုးစုတွေရှိတဲ့
ငါ့မြို့လေးကို ငါချစ်တယ်

ပါချန်မြစ်က မြို့ကလေးရဲ့
ဘယ်ဘက်ရင်အုံမှာ အလျားလိုက်စီးဆင်းလို့နေရင်း
ငါ့မြို့လေးကို ငါချစ်တယ်

ငါးဖမ်းပိုက်လှေ ပဲ့ချိတ်စက်လှေတွေနဲ့
မြစ်ပါချန်ပေါ် ဆူညံလျှက်
ငါ့မြို့လေးကို ငါချစ်တယ်။

ရင်ခွင်မှာ ငါးသုံးလုံးတောင်တန်းကို 
ထွေးပွေးထားတဲ့
ငါ့မြို့လေးကို ငါချစ်တယ်

သုံးမိုင်က ဆည်းဆာညနေခင်းတွေ
ကမ္ဘာမကျော်သေးပေမယ့် 
ငါ့မြို့လေးကို ငါချစ်တယ်

ဘုရင့်နောင်အငူ ကမ်းနားလမ်းမှာ 
စိန်ပန်းနီနီတွေ ဖြန့်ခင်းထားတဲ့
ငါ့မြို့လေးကို ငါချစ်တယ်။

အဖိုးက မြေးကို ဓါးအမွေပေးတဲ့
ငါ့မြို့လေးကို ငါချစ်တယ်။

ဆိုင်ကယ်ယဉ်ကျေးမှု ထွန်းကားတဲ့
ငါ့မြို့လေးကို ငါချစ်တယ်။

စကားသံဝဲ၀ဲ ဖော်ဖော်ရွေရွေရှိတဲ့
ငါ့မြို့လေးကို ငါချစ်တယ်။

အဝေးရောက်သားတစ်ယောက်အတွက်
အမေရှိနေတဲ့ 
ငါ့မြို့လေးကို ငါချစ်တယ်။

ကော့စွန်းလို့ခေါ် ကော့သောင်းလို့အမည်တွင်တဲ့
ငါ့မြို့လေးကို ငါချစ်တယ်။

မောင်ဝေလွင်
ဓာတ်ပုံ။ ။ ကိုကိုအောင်

No comments:

Post a Comment

မှတ်ချက်လေးများပေးနိုင်ပါတယ်