ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်မှု ကန်ဒေါ်လာ ခြောက်သန်းကျော် ကျဆင်း
ကော့သောင်း၊ မေ ၆
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်က ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၆ သန်းကျော် ကျဆင်းခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းထံမှ သိရသည်။
ယင်းဘဏ္ဍာရေးနှစ်၏ ပို့ကုန်နှင့် သွင်းကုန် နှစ်မျိုးစလုံး ကုန်သွယ်မှု ပမာဏ တန်ဖိုးကျဆင်းသွားကြောင်း အထက်ပါဌာနမှ သိရသည်။
ကုန်သည်များနှင့် လုပ်ငန်းရှင်များက ကုန်စည်စီးဆင်းမှု လွယ်ကူပြီး စရိတ်သက်သာသည့် မြဝတီဘက်ကို ပြောင်းရွှေ့လုပ်ကိုင်ကြသည့်အတွက် ယခင်က ကော့သောင်းမှ ရန်ကုန်သို့ တင်သွင်းသည့် ကုန်တချို့ လျော့သွားသည်ဟု ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း ဒုညွှန်ကြားရေးမှူးက ရှင်းပြသည်။
ထို့အပြင် ငါးမဖမ်းရရာသီ ပြောင်းလဲသတ်မှတ်မှုကြောင့်လည်း ရေထွက်ပစ္စည်း တင်ပို့မှု အနည်းငယ် လျော့ကျခဲ့သည်ဟု ၎င်းက ပြောသည်။
“လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ပါတယ်” ဟု ကော့သောင်းမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဝေဖန်သည်။
ကုန်သွယ်မှု မြှင့်တင်လိုပါက လမ်း၊ တံတားနှင့် လျှပ်စစ်မီးကို ဖြည့်ဆည်းရန် အစိုးရအနေနှင့် ထည့်သွင်းစဉ်းစားရန် လိုသည်ဟု မှတ်ချက်ပြုသည်။
ယင်းသို့ ကုန်သွယ်မှု ကျဆင်းခြင်းသည် ထီးခီး၊ မောတောင်၊ မြဝတီ စသည့် နယ်စပ်ဂိတ်များ ဖွင့်လှစ်မှုနှင့်လည်း ဆက်စပ်သည်ဟု အထက်ပါ လုပ်ငန်းရှင်က ပြောကြားသည်။
၂၀၁၀ မှ ၂၀၁၅ ခုနှစ် ငါးနှစ်အတွင်း ယခုနှစ်ကဲ့သို့ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်ကလည်း ကုန်သွယ်မှု ကျဆင်းဖူးသည်ဟု နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းထံမှ သိရသည်။
(Dawei Watch)

No comments:
Post a Comment
မှတ်ချက်လေးများပေးနိုင်ပါတယ်